ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

9-4-2017 1

9-4-2017 2

9-4-2017 3

9-4-2017 4

လွိုင်ကော်    ဧပြီ ၉


    ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ဘောလခဲခရိုင်၊ ဖါးဆောင်းမြို့ပေါ်ရှိ ဓမ္မသိဒ္ဓိသိမ်ကျောင်းနှင့် ဝမ်အောင်း(ကယား)ကျေးရွာရှိ ဓမ္မဝိရုဋ္ဌီကျောင်းရှိ ဆရာတော်ဘုရားများထံ သွားရောက်ဖူးမြော်ကြည်ညိုပြီး အလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
    ဆက်လက်၍ ဝမ်အောင်း(ကယား)ကျေးရွာအား ကျေးရွာချင်းဆက်လမ်းနှင့်ရွာတွင်းလမ်း ဖောက်လုပ်ပေး နိုင်ရေး တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
    ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကယားပြည်နယ်၏ အစွန်အဖျားကျေးရွာ တစ်ရွာဖြစ်သော မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စု၊ တောင်လှကျေးရွာသို့ သွားရောက်ပြီး အခြားကျေးရွာများနည်းတူ ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုမရှိစေရေးအတွက် ပြည်သူတို့၏ လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရန် ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်သွားရောက်တွေ့ဆုံရာ တောင်လှကျေးရွာပြည်သူများက ပြည်ထဲရေးအမည်ပေါက် ကျေးရွာရရှိရေး၊ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပေးနိုင်ရေး၊ ကိုယ်ထူကိုယ်ထကျောင်းဆောင် တည်ဆောက် ပေးနိုင်ရေး၊ ရွာခန့် ဆရာမများအား ထောက်ပံ့ငွေ ကူညီဖြည့်ဆည်းပေးနိုင်ရေး၊ ဘုရားကျောင်းဓမ္မာရုံ ပြန်လည်ပြုပြင်ပေးနိုင်ရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး ၊ ကျောင်းသုံးဖတ်စာအုပ်နှင့်ဗလာစာအုပ်များ ရရှိရေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထဲရေးအမည်ပေါက် ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ဒေသခံများပေါင်းစပ်၍  လမ်းအူကြောင်း ရှာဖွေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဖတ်စာအုပ်များနှင့် ဗလာစာအုပ်များ အခမဲ့ရရှိရေး ပညာရေးဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သောက်သုံးရေ ရရှိရေးအတွက် မြစ်ရေတင်စီမံကိန်း အမြန်ရရှိရေး နတလမှ ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားပြီး ကိုယ်ထူကိုယ်ထကျောင်းတည်ဆောက်နိုင်ရေး မတည်ငွေ (၁၅)သိန်း၊ ဆရာမများ ထောက်ပံ့ငွေအတွက် အရင်းမပျောက်မတည်ငွေ (၁ဝ)သိန်းနှင့် ဘုရားကျောင်းဓမ္မာရုံပြန်လည်ပြုပြင်ရန် အလှူငွေကျပ်(၅)သိန်းတို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

                                                                                                 ကယားပြည်နယ်ပြန်/ဆက်