လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်၌ မြေငှါးဂရန် ထုတ်ပေး

3-4-2017 1

3-4-2017 2

3-4-2017 3

လွိုင်ကော်    ဧပြီ ၃


    မြို့တော်၏ အင်္ဂါရပ်များနှင့်အညီဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများမြေငှားဂရန်ရရှိပိုင်ဆိုင်ခြင်းဖြင့် ပြည်သူလူထုများ၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု များသည်လည်းအထောက်အပံ့ဖြစ်စေနိုင်သဖြင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွင် နေထိုင်သည့် မြေယာအရှုပ်အရှင်း ကင်းလွတ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးနိုင်သော ဦးပိုင်များအားမြေငှားဂရန်ထုတ်ပေးသင့်ကြောင်း ပြည်သူများ၏ တင်ပြချက်များအရမြေပိုင်ဆိုင်မှုအထောက်အထားခိုင်လုံစွာ တင်ပြနိုင်သူတို့ကိုလုပ်ထုံးလုပ်နည်းနှင့်အညီ မြေပိုင်ဆိုင်မှုစိစစ်ရေးကော်မတီများဖွဲ့စည်းတာဝန်ပေးအပ်ပြီးစီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်၊ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းတွင်  မြေငှားဂရန် လျှောက်ထားသူ (၁၆)ဦးကို မြေငှားဂရန်များ ထုတ်ပေးခဲ့သည်။
    အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တက်ရောက်အဖွင့်အမှာ စကားပြောကြားပြီး မြေငှားဂရန် လျှောက်ထားသူ (၁၆)ဦးအား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိ်ု၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး၊ လွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူး တို့က မြေငှားဂရန်များ ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
    ယင်းနောက် မင်္ဂလာရပ်ကွက် ရပ်မိရပ်ဖ ဦးစောဘိုင်လင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
    မြေငှားဂရန်လျှောက်ထားသူများအား လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၌ (၁၆)ဦး၊ ဒေါတမရပ်ကွက်၌ ပထမအကြိမ်(၂ဝ)ဦး၊ ဒုတိယအကြိမ် (၂၄)ဦး၊  မိုင်းလုံးရပ်ကွက်၌ (၂၁)ဦး၊ ဒေါနိုးကူးရပ်ကွက်၌ (၁၈)ဦးနှင့် ယခုမြေငှားဂရန်လျှောက်ထားသူ(၁၆)ဦးအပါအဝင် စုစုပေါင်း(၁၁၅)ဦးအား မြေငှားဂရန်များ ထုတ်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။

 

                                        ကယားပြည်နယ်ပြန်/ဆက်