လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ပွဲ လွိုင်ကော်မြို့၌ ပြုလုပ်

12-3-2017 1

12-3-2017 2

12-3-2017 3

12-3-2017 4

လွိုင်ကော် မတ် ၁၂


လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ပွဲအခမ်းအနားကို မတ်လ (၁၁)ရက်နေ့၊ နံနက်(၉)နာရီ အချိန်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တက်ရောက်အဖွင့်အမှာစကား ပြောကြားရာတွင် လွိုင်ကော်မြို့နယ်အနေဖြင့် စွန့်လွတ်မြေများအပါအဝင် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလကုန်အထိ ကျေးရွာအုပ်စု ပေါင်း(၁၂)အုပ်စုတွင် တောင်သူပေါင်း (၁၆၆၂၇)ဦး၊ ဦးပိုင်လုပ်ကွက်ပေါင်း(၂ဝ၆၉ဝ)၊ ဧရိယာပေါင်း (၅၆၂၆ဝ)ဧကကို ပုံစံ(၇)ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ယနေ့တွင်လည်း ကျေးရွာအုပ်စု(၁၁)အုပ်စုမှ တောင်သူပေါင်း(၁၁၈၁)ဦးအတွက် ဦးပိုင်ပေါင်း(၂၁၅၈)ကို ပုံစံ(၇) ထုတ်ပေးမှာဖြစ်ကြောင်း၊ ယနေ့အပါအဝင် ပုံစံ(၇)ထုတ်ပေးပြီးစီးမှုမှာ ကျေးရွာအုပ်စု ပေါင်း (၁၂)အုပ်စုတွင် တောင်သူပေါင်း(၁၈၉၂၈)ဦး၊ ဦးပိုင်ပေါင်း(၂၃၂၁၇)၊ ဧရိယာပေါင်း(၆၃၄ဝ၆) ဧက ဖြစ်သည့် အတွက် လာရောက်လျှောက်ထားခြင်း မရှိသော လယ်ယာမြေများ၊ အငြင်းပွားလျက်ရှိသော လယ်ယာမြေများသာ ပုံစံ(၇)ထုတ်ပေးရန် ကျန်ရှိတော့ကြောင်း၊ ၄င်းတို့ကိုလည်း လာရောက်လျှောက်ထားလာပါက စိစစ်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိန်းဝင်းက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များအား တောင်သူများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ယင်းနောက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိသူများကိုယ်စား နွားလဝိုးကျေးရွာအုပ်စုမှ တောင်သူ ဦးရယ်စိုးညွှန့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


ကယားပြည်နယ်ပြန်/ဆက်