လွိုင်ကော်မြို့နှင့် မယ်ဟောင်ဆောင်မြို့တို့အကြား ညီအစ်မမြို့တော်(Sister City)တည်ထောင်ရေး နားလည်မှု စာချွန်လွှာ(MOU)လက်မှတ်ရေးထိုးခြင်းအခမ်းအနား လွိုင်ကော်မြို့၌ ပြုလုပ်

9-3-2017 1

9-3-2017 2

9-3-2017 3

9-3-2017 4

9-3-2017 5

လွိုင်ကော်    မတ်  ၉


    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဟောင် ဆောင်ခရိုင်၊ မယ်ဟောင်ဆောင်မြို့တို့အကြား ညီအစ်မမြို့တော်(Sister City)တည်ထောင်ရေး နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို မတ်လ (၉)ရက်နေ့၊ နံနက်(၉) နာရီအချိန်က ပြည်နယ်ခန်းမ၊ လွိုင်ကော်မြို့၌ ပြုလုပ်သည်။
    ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက နှုတ်ခွန်းဆက်စကားပြောကြား ပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ဝန် Mr.Suebsak Eaimvijarn က နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားသည်။
    ဆက်လက်ပြီး ကယားပြည်နယ်နှင့်မယ်ဟောင်ဆောင်ခရိုင်တို့၏ အထင်ကရနေရာများနှင့် ရှုခင်းများအား မှတ်တမ်းတင်ရိုက်ကူးထားသည့် ဗွီဒီယိုပြသသည်။
    ဆက်လက်၍ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် မယ်ဟောင်ဆောင်ခရိုင်ဝန် Mr.Suebsak Eaimvijarn တို့က ညီအစ်မမြို့တော်(Sister City)တည်ထောင်ရေး နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ကြသည်။
    ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ခရိုင်ဝန်တို့က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
    လွိုင်ကော်မြို့နှင့် မယ်ဟောင်ဆောင်မြို့တို့ ညီအစ်မမြို့တော်အဖြစ် MOU လက်မှတ်ရေးထိုး ပြီးနောက် နှစ်နိုင်ငံအကြား ညီမျှမှုနှင့် အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဥပဒေအရ ခွင့်ပြုထားသော မူဘောင်အတွင်းမှ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ သက်ဆိုင်ရာ အစိုးရမူဝါဒများနှင့် နှစ်နိုင်ငံစည်းမျဉ်းစည်းကမ်းများ ကိုက်ညီမှုရှိပါက ကဏ္ဍအသီးသီး တွင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းနှင့် နှစ်နိုင်ငံအချင်းချင်း ဆက်သွယ်မှုပြုရန်နှင့် သက်ဆိုင်ရာ အရာရှိကြီးများ အပြန်အလှန် လည်ပတ်ခွင့်ရရှိစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ် ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း မူဘောင်အတွင်းမှ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့အား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သလို ဆက်လက်၍ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ခြင်း၊ အားကစားပြိုင်ပွဲများကျင်းပခြင်း၊ တက္ကသိုလ်အချင်းချင်း ပညာရေးဖလှယ်ခြင်း၊ ကုန်သည်လုပ်ငန်းရှင်များ အချင်းချင်းဆွေးနွေးခြင်း၊ အမြင်ဖလှယ်ခြင်းနှင့် ကုန်စည်ပြပွဲကျင်းပခြင်း စသည့် လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားသည်။

                                        ကယားပြည်နယ်ပြန်/ဆက်