အကြိမ်(၄ဝ)မြောက် ကယားပြည်နယ်လုံးဆိုင်ရာပရိယတ္တိသာသနာနုဂ္ဂဟစာပွဲတော်၏ စာအောင်ဆုနှင်းသဘင် နှင့် တရားတော်နာရေစက်ချ အခမ်းအနား လွိုင်ကော်မြို့၌ပြုလုပ်

6-3-20175

6-3-20176

6-3-20177

6-3-20178

လွိုင်ကော်    မတ် ၆


အကြိမ်(၄ဝ)မြောက် ကယားပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာပွဲတော်၏ စာအောင် ဆုနှင်းသဘင် နှင့် တရားတော်နာရေစက်ချ အခမ်းအနားကို မတ်လ ၆ ရက်နေ့  နေ့လည် ၁၂:ဝ၀ နာရီအချိန်က လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ်လွှတ်တော် ဥက္ကဌ ဦးလှထွေး၊ ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊  အလှူရှင်များ၊ ဝတ်ရွတ်အသင်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ‘’နမောတဿ’’ သုံးကြိမ်ရွက်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ကယားပြည်နယ်လုံး ဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာပွဲတော် သံဃာ့ဝန်ဆောင်ဥက္ကဌဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည် ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို ချီးမြှင့် တော်မူပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာလျှောက်ထားသည်။  
ဆက်လက်၍ ကယားပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာပွဲတော်ကြီး၌ ရေးဖြေနှင့်အာဂုမ်ပြန်တွင် (ပထမ - ဒုတိယ - တတိယ) အဆင့်ဖြင့် အောင်မြင်တော်မူသော သာသနာ့ အာဇာနည်အရှင်သူမြတ်တို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် ဓမ္မပူဇာဆုများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍  ပရိယတ္တိသာသနာ့နုဂ္ဂဟစာပွဲတော်ကျင်းပရေး သံဃာ့သြဝါဒခံအဖွဲ့ ဒုတိယဥက္ကဌ ဦးကြည်စိုးက စာပွဲတော်ဆိုင်ရာများနှင့် စပ်လျဉ်း၍ လျှောက်ထားပြီး အကြိမ်(၄ဝ)မြောက် ကယားပြည်နယ်လုံးဆိုင်ရာ စာပွဲတော်ကြီးစတင်ကျင်းပသည့်နေ့မှပြီးဆုံးသည်အထိ အရပ်ရပ် အလှူဒါနများအတွက် ပရိယတ္တိသာသနာနုဂ္ဂဟ စာပွဲတော် သံဃာ့ဝန်ဆောင်အဖွဲ့ဝင် ဥတ္တရာရုံပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် ဦးဇိနောဘာသ က အနုမောဒနာတရားတော်ကိုဟောကြားချီးမြှင့်တော်မူပြီး ထုတိသြဘာမင်္ဂလာရေစက်ညွန်း၍ အလှူရှင်အပေါင်းတို့က ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက်ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား ပြန်လည်ကန်တော့၍ အခမ်းအနားကို ‘’ ဗုဒ္ဓသာသနံ  စိရံတိဋ္ဌတု’’ သုံးကြိမ်ရွတ်ဆိုဆုတောင်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။


                                        လွိုင်ကော်ခရိုင်ပြန်/ဆက်