နွေရာသီအခြေခံ အားကစားပေါင်းစုံ သင်တန်းဖွင့်ပွဲ လွိုင်ကော်မြို့၌ကျင်းပ

6-3-2017 1

6-3-2017 2

6-3-2017 3

6-3-2017 4

လွိုင်ကော်    မတ် ၆


၂၀၁၇ ခုနှစ်၊ ကယားပြည်နယ် နွေရာသီအခြေခံ အားကစားပေါင်းစုံ သင်တန်းဖွင့်ပွဲကို မတ်လ ၆ ရက်နေ့၊ နံနက် ၀၉:ဝ၀ နာရီအချိန်က ပြည်နယ်အားကစားခန်းမ၌ပြုလုပ်ကျင်းပရာ အခမ်းအနားသို့ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ကယားပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ နည်းပြဆရာ/ဆရာမ များ၊ အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က  အဖွင့်အမှာစကား ပြောကြားပြီး ၂၀၁၇ ခုနှစ် နွေရာသီအခြေခံ အားကစားပေါင်းစုံသင်တန်းအားဖွင့်လှစ်ပေးသည်။
ဆက်လက်ပြီး ဝူရှူးအားကစားနည်း၊ ကရာတေးဒို အားကစားနည်း၊ တိုက်ကွမ်ဒိုအားကစားနည်းများက သရုပ်ပြသခြင်းများကိုဆောင်ရွက်ကြသည်။ ဆက်လက်၍ ၂၀၁၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစား ပြိုင်ပွဲများတွင် ဆုရရှိကြသည့် အားကစားသမားများ ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို လည်းကောင်း ၊ ကယားပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များ အတွက်လိုအပ်လျက်ရှိသည့် ရုံးသုံးစားပွဲ၊ ကုလာထိုင်၊ ဗီဒိုများ၊ မြက်ဖြတ်စက်များ ၊ နွေရာသီ အားကစား သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် အထောက်အကူပြု အားကစားပစ္စည်းများ၊ တီရှပ် များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကယားပြည်နယ် နွေရာသီအခြေခံအားကစားသင်တန်းများမှာ ဘောလုံး၊ ဘော်လီဘော၊ဘတ်စကတ်ဘော၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ အေရိုးဗစ်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ခရစ်ကတ်၊ ရေကူး၊ ဝူရှူး အားကစားနည်း(၁၄)မျိုးတွင် သင်တန်းသူ၊ သင်တန်းသား (၁၅၀ဝ) ခန့် တက်ရောက်ခဲ့ပြီး သင်တန်းအားလုံးကို ပြည်နယ်လက်ရွေးစင်ဟောင်း နည်းပြဆရာ၊ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ကာယဆရာ၊ ဆရာမများက သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလကို (၁-၃-၂၀၁၇ မှ ၃၀-၃-၂၀၁၇) ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်