(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲကျင်းပ

ဖရူဆို    ဇန်နဝါရီ    ၄

    ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့၌ နံနက်(၄း၂၀)အချိန်တွင် အလံတင်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
    ထိုနောက် မြို့နယ်လွတ်လပ်ရေးကျောက်တိုင်ကွင်း၌  နံနက် ၈ နာရီအချိန်တွင် နိုင်ငံတော် အလံ အလေးပြုခြင်းနှင့် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော သဝဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအေးက ဖတ်ကြားခြင်း၊ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ဝင် ထက်/လယ်ဆင့် ဆုရကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း၊ မြို့နယ်မိခင်ကလေးစောင့် ရှောက်ရေးအသင်းမှ ဆုရရှိသော ကလေးနှင့်စံပြမိခင်အား ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားသို့ လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားကျောင်းသူများ၊ ရပ်ကွက် အတွင်းရှိ မိဘပြည်သူများ စုစုပေါင်း(၄၀၀)ခန့် တက်ရောက်ခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပြည်သူ့ အားကစားကွင်း၌ ပျော်ပွဲရွှင်ပွဲများကျင်းပပြုလုပ်ပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်သွားခဲ့ကြောင်း သိရှိရသည်။