ကယားအမျိုးသားဖားစည်

ကယား တိုင်းရင်းသားတို့သည် ဖားစည်ကို ကမ္ဘာ့ခေါင်မိုးဟု ခေါ်သော မွန်ဂိုလီးယား ကုန်းပြင်မြင့်မှ ဆင်းသက်လာစဉ် အခါက တစ်ပါတည်း ယူဆောင်လာခဲ့သော ပစ္စည်းဖြစ်သည် ဟုယူဆကြသည်။ ကလူ(ခေါ်) ဖားစည်ကို အသုံးပြုရန်မှာ လူစုရန် လူခေါ်ရန်ဖြစ်စေ၊ အရေးပေါ်ကိစ္စ ပေါ်ပေါက်လာသည် ဖြစ်စေ၊ စစ်ချီတက်ရာတွင် ဖြစ်စေ၊ ပွဲလမ်းသဘင် ကျင်းပသည် ဖြစ်စေ အသုံးပြုကြပါသည်။

မူလအစ၌ စည်မျက်နှာပြင်တွင် ဖား၊ ငါး၊ ခရု၊ ပန်းနွယ်ပန်းခက်များ ပါရှိပါသည်။ ကယား တိုင်းရင်းသား မျိုးနွယ်စုများ ပြောင်းရွေ့လေရာ ဒေသတိုင်းတွင် ယင်းစည်ကို ကိုယ်နှင့်မကွာ အမြဲ ယူဆောင်သွားလေ့ ရှိသည်။ မြန်မာပြည် အတွင်းသို့ ဝင်ရောက်လာပြီးနောက် ငွေတောင်ပြည်၌ ဖားစည်များကို ဆက်လက် သွန်းလောင်းခဲ့ကြသည်။ စည်ပုံစံကို အသစ်တီထွင်၍ သွန်းလောင်းခဲ့ကြသည်။ စည်မျက်နှာပြင်တွင် ရစ်ဖောင်းကြွများ၊ ငါးရုပ်များ၊ ခရုရုပ်များ၊ ပန်းနွယ်ပန်းခက်များ၊ မျက်နှာပြင် ဗဟိုတွင် ကြယ်သဏ္ဍာန် ပုံများကို သွန်းလောင်းထားသည်။

phar-si

ကယား တိုင်းရင်းသားများတွင် ဖားစည် အမျိုးပေါင်း အများအပြား ရှိသော်လည်း ၄င်းအနက် အထူးခြားဆုံးမှာ သံစဉ်(၇)သံ ပါရှိသော (ကလူသူရှီး)ခေါ် ဖားစည်(၇)လုံ:နှင့် သံစဉ် (၅)သံ ပါရှိသော (ကလူဆိုး)ခေါ် ဖားစည်(၅)လုံးတို့ ဖြစ်ပါသည်။ ယင်းဖားစည် နှစ်မျိုးအနက် သံစဉ်(၅)သံ ပါရှိသော ကလူဆိုးကို ကယော တိုင်းရင်းသားတို့က ရိုးရာတေးသီချင်းများနှင့် တွဲဘက်၍ တီးခတ်သော တူရိယာအဖြစ် အသုံးပြုကြပါသည်။

မူလ၌သံစဉ်(၇)သံရှိသော်လည်း အကြီးဆုံးဖားစည်(၁)လုံ: ပျောက်ဆုံးသွားပြီး အငယ်ဆုံးဖားစည်မှာ အစ်ကိုကြီးကရင်ကို အမွေပေးလိုက်ရ၍ သံစဉ်(၅)သံပါရှိသော ဖားစည်သာ မိမိလက်ဝယ်ကျန်ရှိသည်ဟု အဆိုရှိ၏။

အဆိုပါ ပျောက်ဆုံးသွားသော အသံ(၂)သံကို ကေ့ထိုးဘိုးပွဲတော်တွင် တီးခတ်သော မောင်းကြီးတွင် လည်းကောင်း၊ ဖားစည်အကြီးဆုံးနှင့် အငယ်ဆုံးအသံကို တီးတူ(ခေါ်) ဝါးစောင်းတွင် လည်းကောင်း၊ တွဲပလွေတွင် လည်းကောင်း ထိန်းထားသည်။ ကယား တိုင်းရင်းသားများသည် ဖားစည်အသံကို အခြေခံ၍ ဗုံ၊ မောင်း၊ ပလွေများကို တီထွင်အသုံးပြု ကြသည်။

ကယား တိုင်းရင်းသားတို့သည် ဖားစည်ကို အိမ်သစ်တက်ပွဲ၌ တီးခတ်၍ အမျိုးသားအမျိုးသမီးများ လက်တွဲကာ တေးသံစုံဖြင့် အချီအချ ညလုံးပေါက် သီဆိုကခုန်လေ့ ရှိကြသည်။ စည်များကို မတီးခတ်မီ ခေါင်ရည်ဖြင့် ပက်ဖြန်း ပူဇော်ပေးထားသည်။

ဖားသည်တွင် မင်္ဂဖားစည်နှင့် အမင်္ဂလာဖားစည် ဟူ၍ (၂)မျိုးရှိသည်။ မင်္ဂလာဖားစည်ကို မင်္ဂလာရှိသော အခမ်းအနားများတွင် တီးခတ်ပြီး၊ အမင်္ဂလာဖားစည်ကို အသုဘအခမ်းအနားများတွင် တီးခတ်ကြပါသည်။ မင်္ဂလာဖားစည်ကို အိမ်သစ်တက်ပွဲ၊ ရှေးအခါက စစ်ချီရာတွင် အချက်ပေးရန်အတွက် တီးခတ်ခြင်း၊ တီးခတ်ပုံ အမျိုးမျိုးရှိသည်။ ဖားစည်တီးခတ်သံကို နားဆင်ပြီးအဓိပ္ပာယ် ကောက်ယူရပါသည်။