ဝါးပလွေ

ကယား တိုင်းရင်းသားတို့၏ ရိုးရာတူရိယာများ အနက် ဝါးပလွေသည် အလွန်အရေး ပါသော တူရိယာ ဖြစ်ပါသည်။ ဝါးပလွေ တူရိယာကို ဝါးလုံး ကြီး၊ ငယ်၊ လတ် စသည်ဖြင့် အရွယ်အစား အမျိုးမျိုး ရရှိစေရန် ခုတ်ယူ၍ အပေါက် ငယ်လေး (၇)ပေါက် ဖေါက်ရပါသည်။ အသံနေ အသံထားမှန်ရန် ဝါးလုံးရှည်သည့် အလျောက် ချိန်ဆ၍ အပေါက်ဖေါက်ရသည်။ ဝါးပလွေ ကြီးစဉ်ငယ်လိုက် အသံအနိမ့်အမြင့် ရရှိစေရန် ညှိယူရပါသည်။ အချို့ဝါးပလွေ မှာ အလုံးကြီး၍ တစ်တောင်ကျော်မျှ ရှည်ပြီး အပေါက်တစ်ပေါက်သာ ကန့်လန့်ဖေါက် ထားပါသည်။

ဝါးပလွေကို မှုတ်သောအခါ အပေါက်ငယ်ကလေးများကို လက်ချောင်းထိပ်များနှင့် ဖွင့်ချည် ပိတ်ချည် ပြုလုပ် ပေးရပါသည်။ ကယား တိုင်းရင်းသား ကယန်း လူမျိုးများသည် ဝါးပလွေ တူရိယာကို ဗုံကြီးခေါ် နှစ်ဖက်ပိတ်ဗုံနှင့် တွဲဖက်၍ ရိုးရာ တေးသီချင်းများ တီးမှုတ်လေ့ ရှိပါသည်။ ရိုးရာ ပွဲတော်များနှင့် မင်္ဂလာရှိသော အခမ်းအနားများတွင် ဝါးပလွေ တူရိယာ မှုတ်ခြင်းဖြင့် ကြားရသည့် တေးသီချင်း သံစုံများသည် အလွန် နားဝင်ချိုလှပါသည်။

flute