ကေ့ထိုးဘိုး(ခေါ်) တံခွန်တိုင်ပွဲတော်

စိုက်ပျိုးရေးနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဝင်နှင့် နတ်ကိုးကွယ်ကြသော ကယားတိုင်းရင်း သားတို့သည် ကောက်ပင် ဖွံ့ဖြိုးရေးနှင့် လုပ်ငန်းများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အထမြောက် အောင်မြင်စေရေး အတွက် မိုးရေကိုပေးသော မိုးနတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ချောင်းစောင့်နတ်၊ ယာစောင့်နတ်တို့ကို ပူဇော်ပသ ကြရလေသည်။ ကယား တိုင်းရင်းသားတို့သည် ခေတ်မီ သိပ္ပံနည်းများကို အသုံးပြုကာ စိုက်ပျိုး နိုင်ကြသူများ မဟုတ်ဘဲ မိမိတို့ မိရိုးဖလာ နည်းများဖြင့်သာ စိုက်ပျိုးကြသူများ ဖြစ်ခြင်းကြောင့် သဘာဝက ပေးသော မိုးရေကို အားကိုး၍ ကောက်ပဲသီးနှံများကို စိုက်ပျိုးကြရသည်။

ထို့ကြောင့် ယင်းတို့သည် မိုးရေကို အားကိုးတကြီးဖြင့် မျှော်ကြ ခေါ်ကြရသည်။ ထို့ကြောင့် တောင်ယာမစိုက်မီ၊ စပါးမရိတ်သိမ်းမီ၊ စပါးရိတ်သိမ်းပြီး အချိန်တွင် မိမိတို့မမြင်နိုင်သော တန်ခိုးရှင်တို့အား လုပ်ငန်း ကိစ္စအဝဝ အထမြောက် အောင်မြင်ရေးအတွက် ကူညီစောင်မရန် ပူဇော်ပသပွဲများ ပြုလုပ် ကြရသည်။ ယင်းပူဇော်ပွဲများ အနက် ကေ့ထိုးဘိုး (တံခွန်တိုင်ပွဲတော်)သည် ကယားအနွယ်ဝင်တို့၏ ရိုးရာကိုးကွယ်မှုမှ ပေါက်ပွားလာသည့် နတ်ပူဇော် ပသပွဲများ ဖြစ်ပါသည်။ ယင်းပွဲတော်ကို နှစ်စဉ်တန်ခူးလနှင့် ကဆုန်လများတွင် ကျင်းပကြပါသည်။ တစ်နည်းအားဖြင့် ဆိုသော် ယင်းပွဲတော်မှာ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး ပွဲတော်လည်း ဖြစ်ပါသည်။ ဤပွဲတော် ကျင်းပခြင်း အားဖြင့် မိုးလေဝသ မှန်ကန် ပြီးလျှင် ကောက်ပဲသီများ ဖွံ့ဖြိုးအောင်မြင် လိမ့်မည်ဟု ကယားအမျိုးသားတို့က ယုံကြည်ကြပါသည်။ သို့ဖြစ်၍ တံခွန်တိုင်ပွဲကို မိုးခေါ်ပွဲ (မိုးတပွဲ)ဟု ခေါ်လျှင် မှားမည်မထင်ပါ။ တံခွန်တိုင်ပွဲ တော်သည် ကယားလူမျိုးတို့၏ အလွန်အရေးပါ အရာရောက်သော ရိုးရာယဉ်ကျေးမှု ပွဲတော်ဖြစ်၍ ဘိုးဘွား အစဉ်အလာအရ နှစ်စဉ်နှစ်တိုင်း ရွာစဉ်အလိုက် ကျင်းပသော ပွဲတော်တစ်ရပ် ဖြစ်သည်။

တံခွန်တိုင်ပွဲတော်နှင့် ပတ်သက်၍ ပွဲတော်ကျင်းပသည့်အခါတွင် လိုက်နာရမည့် စည်းကမ်းအမျိုးမျိုးလည်းရှိပေသေးသည်။ ထို့ကြောင့် ကယားတိုင်းရင်းသားတို့သည် ရိုးရာဓလေ့ထုံးစံ စည်းမျဉ်းများက ချမှတ်ပေးထားသည့် စည်းကမ်းချက်များကို တံခွန်တိုင်ပွဲတော် ကျင်းပသည့်အခါတွင် အတိအကျ လိုက်ဆောင်ရွက်သည်ကို တွေ့ရှိရပေသည်။ အကယ်၍ တံခွန်တိုင်ပွဲတော်နှင့်သက်ဆိုင်သော သတ်မှတ်ထားသည့် စည်းကမ်းချက် တစ်စုံတစ်ရာ ချို့ယွင်းသွား ခဲ့သော် မိမိတို့၏ ရပ်ရွာအိုးအိမ်များကိုပါ စွန့်ခွာ၍ တစ်ခြားတစ်နေရာသို့ ပြောင်းရွေ့ကြရသည်အထိ စည်းကမ်းချက်ရှိသည်ကိုလည်း တွေ့ရှိရပေသည်။ ထို့ကြောင့် ကယားတိုင်းရင်းသား တို့သည် တံခွန်တိုင်ကို တံခွန်ပွဲတော်မကျင်းပမီ လုပ်ဆောင်ဖွယ်ရှိသမျှကိစ္စတို့ကို ရိုးရာဓလေ့ ထုံးစံနှင့် ကိုက်ညီအောင် ဦးစွာပြင်ဆင်ကြရသည်။

ပထမဦးစွာပြင်ဆင်ရခြင်းမှာ ခေါင်ရည်များချက်ခြင်းဖြစ်သည်။ ခေါင်ရည်အဆင်သင့် ချက်ပြီးသောအခါတွင် ရွာတွင်းဝယ် လူများအစုံလင်ရှိမရှိကြည့်ပြီး လူများစုံလင်သည့်နေ့တွင် တံခွန်တိုင်ထူရန် သစ်ပင်ခုတ်ရမည့် နေ့ရက်ကို ကြက်ရိုးထိုး၍ ရွေးချယ်ကြရသည်။

image001

တံခွန်တိုင်ခုတ်မည့်ရက်ရွေးရန်အတွက်ကြက်ရိုးထိုးရန်ပြင်ဆင်နေပုံ

ကြက်ရိုးဗေဒင်ကကောင်းသည်ဟု ဟောကိန်းထွက်သောနေ့တွင် တံခွန်တိုင်သွားခုတ်ရန် ပြင်ဆင်ကြရသည်။ တံခွန်တိုင်ခုတ်ရန်မသွားမီကြိုတင်၍ သစ်ပင်ကောင်းကောင်းကို ရွာထဲမှ လူများက ရှာထားကြရပြန်သည်။

image002

တံခွန်တိုင်အဖြစ်အသုံးပြုမည့်ကျွန်းပင်

ခုတ်ရမည့်အပင်ကို တွေ့သည့်အခါတွင် ထိုအပင်မှ တံခွန်တိုင်လုပ်ရန် ကောင်းမကောင်း ကြက်ရိုးတစ်ဖန် ထိုးကြည့်ရပြန်သည်။ အကယ်၍ကောင်လျှင် ယင်အပင်ကို ခုတ်ရန် သတ်မှတ်ခဲ့ကြသည်။ ထိုအပင်ရွာနှင့် နီးလျှင် နံနက်(၃)ချက်တီးအချိန်၊ ရွာနှင့် ဝေးလျှင် နံနက်တစ်ချက်တီးလောက်မှစ၍  တစ်အိမ်လျှင် ယောက်ျားတစ်ယောက်စီ ရေဘူးကိုယ်စီဖြင့် သစ်ပင်ခုတ်ရန်ထွက်ခွာကြရသည်။ သစ်ပင်ခုတ်ရာတွင် အမျိုးသမီးများ ပါဝင်ခွင့်မရချေ။ သစ်ခုတ်အဖွဲ့တွင်လည်း အနည်းဆုံးလူ(၅၀)မှ (၁၀၀)အထိပါဝင်၍ အတီးအမှုတ်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တစ်ပျော်တစ်ပါး သွားလေ့ရှိကြသည်။

တံခွန်တိုင်အတွက်အသုံးပြုရန် သစ်လုံးမှာ ရိုးရာအလိုက် အချို့က ကျွန်းပင်ကိုရွေးချယ် ကြပြီး၊ အချို့က အင်ပင်ကို ရွေးချယ်ကြသည်။ ရွေးချယ်သည့် သစ်တုံးမှာ အပြစ်အနာအဆာ ကင်းစင်ရန် လို၏။ နွယ်ပတ်သောသစ်ပင်၊ ကောက်ကွေ့သောသစ်ပင်၊ ပိုးထိုးသောသစ်ပင် သစ်လုံးကို တံခွန်တိုင် အဖြစ် မရွေးချယ် ကြရချေ။ သစ်ပင်ကို ရွေးချယ်ပြီးနောက် ပထမဦးစွာ တံခွန်တိုင် နတ်ဆရာက စတိ သဘောဖြင့် စ၍ သစ်လုံးကို ခုတ်ရသည်။ ထို့နောက် ပါလာသူများက ဝိုင်းဝန်း ခုတ်ကြရသည်။

image003

တံခွန်တိုင်နတ်ဆရာကကျွန်းပင်ကိုဦးစွာစတိခုတ်နေပုံ

image004

တံခွန်တိုင်တော်အားခုတ်လှဲပြီးသွားပုံ

သစ်ပင်ကိုခုတ်လှဲ၍ တံခွန်တိုင်လုပ်ရန်လိုသလောက် အတိုအရှည်တိုင်းထွာ ဖြတ်တောက်ကြပြီး၊ သစ်လုံးကိုနွယ်ကြိုးများ၊ ဝါးလုံးများဖြင့် ချည်နှောင်ကာ ထမ်းပိုးလာကြရသည်။ တံခွန်တိုင်သစ်လုံးကိုသယ်ယူရာတွင် မည်သည့်ယာဉ်ကိုမျှအသုံးမပြုကြပေ။  ဤသို့သယ်ယူရာ၌ မောင်းထု၍ သယ်ယူလာကြရသည်။ အကယ်၍ တံခွန်တိုင် သစ်လုံးမှာ တောင်ပေါ်၌ရှိလျှင်လည်း နွယ်ကိုကြိုးကျစ်သူကကျစ်ကာ နွယ်ကြိုးများနှင့် တောင်ခြေအရောက် ဆွဲယူချကြရပြီးသတ်မှတ်ထားသည့် စခန်းအရောက် ထမ်းပိုးယူလာကြရသည်။

image005

တံခွန်တိုင်တော်အားစုပေါင်းလူအင်းအားဖြင့် ထမ်းလာပုံ

တံခွန်တိုင်နတ်ဆရာက တံခွန်တိုင်သစ်လုံးပေါ်စီး၍ လိုက်လာရသည်။ ရပ်နားရန်သတ် မှတ်ထားသော စခန်းသို့ရောက်သောအခါ ယင်းတို့ကို မြေပေါ်တွင် ခေတ္တချထားပြီး မိမိအိမ်ရာမှ ချက်ပြုတ်၍ ယူလာသော ထမင်းဟင်းများနှင့် ခေါင်ရည်များကို အသင့်စောင့်ကြိုနေသော အမျိုးသမီးများနှင့် အတူတကွ တစ်ပျော်တစ်ပါးတည်း စားသောက်ကြသည်။ တံခွန်တိုင်ကို ဝင်ရောက် ကူညီထမ်းပိုးပေးသည့် အခြားရွာနီးစပ်ချုပ်မှ မိတ်ဆွေများကိုလည်း တိုက်ကျွေးကြသည်။

image006

ယဉ်ကျေးမှုအဖွဲ့လူငယ်များဝိုင်းကူပြီးထမ်းနေပုံ

ရပ်နားစခန်းမှတစ်ဖန်တံခွန်တိုင်ကို မိမိတို့ရွာ၌ တံခွန်တိုင်စိုက်ထူရန် သတ်မှတ်ထား သောနေရာသို့ ဆက်လက်ထမ်းပိုးသွားကြပြန်သည်။ တံခွန်တိုင်ပွဲတော် ကျင်းပသည့် နေရာများကို များသောအားဖြင့် ရွာလယ်ရှိကုန်းမြင့်(သို့) ရွာထိပ်ကို ရွေးချယ်ကြရလေသည်။ တံခွန် တိုင်နယ်မြေမှာ ကာရံထားခြင်းမရှိဘဲ တံခွန်တိုင်များပတ်လည် ဝိုင်း၍စိုက်ထူထားခြင်းသာဖြစ် လေသည်။

image007

တံခွန်တိုင်အဝင်မုခ်ဦးဝသို့ပြန်ရောက်ပုံ

သီးသန့်ထားသော နေရာသို့ ရောက်သောအခါ တံခွန်တိုင်လုပ်မည့် သစ်လုံးကိုညင်သာစွာချကြရလေသည်။ ဤသို့ပြုလုပ်ရာတွင် တံခွန်တိုင်ထိပ်ပိုင်းကို မြေကြီးနှင့်မထိစေရန် အထူးဂရုစိုက်ကြရသည့်အတိုင်း တိုင်ထိပ်ပိုင်းကို သစ်သားတစ်ခုပေါ်တွင် မြေမကျစေရန်တင်၍ ထားကြရလေသည်။

image008

တံခွန်တိုင်ဧရိယာအတွင်းသို့ပြန်ရောက်နေပုံ

ဤကဲ့သို့ချထားပြီးသောအခါတွင် ရွာတွင်အသင့်စောင့်ကြိုနေကြသော အမျိုးကြီး/ငယ်များက ရေတကောင်းများတွင် သပြေပန်းများ စိုက်ကာယူလာကြပြီး သပြေခက်များဖြင့် အဆိုပါတိုင်ကို ရေပက်ဖြန်းကြရသည်။ ထို့နောက် တံခွန်တိုင်အသစ်နှင့် အဟောင်းအသီးသီးတို့ကို ရေသွန်းလောင်းပေးကြပြန်သည်။ အချင်းချင်းလည်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရေပက်ကစားကြသည်။ တံခွန်တိုင်မစိုက်မီ မြေပေါ်တွင်ချထားစဉ် ယင်းတံခွန်တိုင်အနီးသို့ အမျိုးသမီးများ မကပ်ရချေ။ ခွေးများဖြတ်ကျော်မသွားစေရန်လည်း နေ့ရောညပါ စောင့်ရှောက်ကြရသည်။ အဖိုတိုင်ဖြစ်လျှင် (၅)ရက်ထား၍ အမတိုင်ဖြစ်လျှင်(၃)ရက်ထားရသည်။ အဖိုတိုင်မှာ(၁၅)ပေမှ အများဆုံး(၄၅)ပေ အထိရှည်လျား၍ အမတိုင်မှာ(၁၂)ပေ ခန့်ရှည်လေသည်။ ထိုရက်များအတွင်းတွင် တံခွန်တိုင်ကြီးကို ရှစ်မြှောင့်(သို့) ခြောက်မြှောင့်ဖြစ်အောင်ပြုလုပ်ကြသည်။ တံခွန် တိုင်တွင် တပ်ဆင်ရန်လည်း ထီး၊ ကြက်လျှာနှင့် တံခွန်ပြားစသည်တို့ကို (၃)ရက်အတွင်း အပြီး ရက်ကြရသည်။

ရွာရှိအိမ်တိုင်းမှ တစ်အိမ်လျှင် ချည်(၅)ကျပ်သားခန့်ကောက်ခံပြီး ကြက်လျှာများကို ရှေး အခါက အပျိုးစစ်စစ် သမီးများက ရက်လုပ်ကြရသည်။ ယခုခေတ်တွင်မူ မည်သည့် အမျိုးသမီး မဆို ရက်လုပ်နိုင်ကြသည်။

image009

တံခွန်တိုင်ရွက်ရက်လုပ်ရန်အတွက်အမျိုးသမီးများချည်ညှိနေပုံ

image010

တံခွန်တိုင်ရွက်ရက်လုပ်နေသောကယားအမျိုးသမီး

တံခွန်တိုင်မစိုက်ထူမီ (၁)ရက်မှစ၍ ဝက်ကိုသတ်ဖြတ်ပြီး တံခွန်တိုင်စိုက်ထူပြီးသည့်ညနေအထိ ဧည့်သည်များအား ကျွေးမွေးဧည့်ခံလေသည်။ အိမ်တိုင်းစေ့တတ်အားတရွေ့ဝက်များကိုသတ်ကာ လာသမျှဧည့်သည်များကို ထမင်းနှင့် ဝက်သားဟင်းများဖြင့်  ကျွေးမွေးကြ၍ ဆွေမျိုးသားချင်း မိတ်ဆွေများကိုလည်း ခေါင်ရည်အိုးငယ်(၁)အိုးစီနှင့် ဝက်သား အနည်းဆုံး(၃)တုံးစီ ပို့ပေးကြသည်။ နောက်တစ်နေ့နံနက်(၆)နာရီခန့်လောက်တွင် တံခွန်တိုင်ကို စိုက်ထူလိုက်ကြသည်။    

image011

တံခွန်တိုင်တော်အားနံနက်၅နာရီတွင်စတင်ထူနေပုံ

အမျိုးသမီးများက တံခွန်တိုင်ကို ရေးဘူးများထဲမှ ရေကို သပြေခက်များဖြင့် ပက်ဖြန်း၍ ရေသွန်းလောင်းကြသည်။

image012

တံခွန်တိုင်တော်အားရေဖြင့် ပက်ဖြန်းနေသောကယားသူလေးများ

တံခွန်တိုင်ကိုဝိုင်း၍ကသောအကတွင် အမျိုးသမီးများပါဝင် ဆင်နွှဲခြင်းမပြုရချေ။ ရေဘူး ကိုယ်စီယူလာကြသောဘေးမှ တံခွန်တိုင်ကပွဲကြည့်နေကြသော ပရိတ်သတ်ကလည်း မိမိတို့ အချင်းချင်းအပြန်အလှန် ရေပက်ကြပြီး တံခွန်တိုင်အသစ် အဟောင်းများကို ရေပက်ဖြန်းကြသည်။ တံခွန်တိုင်ခုတ်လာသည့်နေ့မှစ၍ တံခွန်တိုင်ထူသည့်နေ့အထိ(၃)ရက် အတွင်းဝယ် ကယားတိုင်းရင်းသားတို့သည် ရွာရှိတံခွန်တိုင် နတ်ဆရာအိမ်မှစ၍ တံခွန်တိုင်ထူသည့် အဆက်အနွယ်လူများ၏ အိမ်တို့ကို အတီးအမှုတ်တီးကာ လက်ျာရစ်လှည့်ပတ်ကြသည်။

image013

တံခွန်တိုင်တော်အားတံခွန်တိုင်အကဖြင့် ဂါရဝပြုနေပုံ

နောက်နေ့နံနက်တွင် ရေနတ်စာကျွေး၍ မိုးခေါ်ကြသည်။ ယောက်ျားလေးများအား တစ်အိမ် တစ်ယောက်စီစုပြီး ခြုံစောင်အနီတစ်ထည်၊ ပေါက်ပေါက်၊ သပြေရွက်၊ ဝါးကြက်လျှာ၊ စက္ကူကြက်လျှာ၊ ခေါင်ရည်၊ ငှက်ပျောသီးများယူဆောင်၍ အတီးအမှုတ်များဖြင့် နတ်ပူဇော်ရန် ထွက်ကြသည်။ ရေထွက် ပေါက်နိုင်သမျှကို ငှက်ပျောသီးတစ်လုံး ၊ ပေါက်ပေါက်၊ သပြေရွက်၊ နှီးဖြင့်ထိုးထားသည့် ဝက်သားတုံး၊ ဝါးဘူးငယ်ဖြင့်ထည့်ထားသောခေါင်ရည်တို့ကို စိုက်ထားကာ နတ်စာကျွေးကြ သည်။ ဤသို့ပြုလုပ်ပြီး တံခွန်တိုင်ပွဲကို အဆုံးသတ်ကြသည်။