ကယားရိုးရာအဲဒူ(ခေါ်)ကောက်ညှင်းထုပ်ပွဲတော်

ကယားရိုးရာအဲဒူ(ခေါ်) ကောက်ညှင်းထုပ် ပွဲတော်သည် စိုက်ပျိုးရေးလုပ်ငန်းနှင့် သက်ဆိုင်သော ပွဲတော်တစ်ခု ဖြစ်ပါသည်။ ယင်းပွဲတော်ကို ကောက်ပဲသီးနှံများ စိုက်ပျိုး၍ အောင်မြင်ပြီးစီးကြောင်း အထိမ်းအမှတ် သဘောမျိုးဖြင့် ကျင်းပခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အဲဒူပွဲတော်ကို စပါးစိုက်ပျိုးပြီးချိန် တော်သလင်းနှင့် သီတင်းကျွတ်လများတွင် ကျင်းပလေ့ ရှိကြပါသည်။

ပွဲတော်ကျင်းပမည့် အချိန်မတိုင်မှီ တစ်ရွာလုံးရှိ အိမ်တိုင်းစေ့ ခေါင်ရည်ချက်ကြရသည်။ အဲဒူပွဲတော် အတွက် ကောက်ညှင်းထုပ်ဖက် ထွက်ခူးရသည့်ရက်ကို ရိုးရာဓလေ့ ထုံးစံအတိုင်း ကြက်ရိုးထိုး၍ ရွေးချယ်လေ့ရှိသည်။

image001

ဒီးကူရွက်ခူးမည့်ရက် ရွေးရန်အတွက် ကြက်ရိုးထိုးရန် ပြင်ဆင်နေပုံ

image002

ကြက်ရိုးကို သန့်စင်နေပုံ

image003

ကြက်ရိုး၏ ညွှန်ကြားချက်ကို နတ်ဆရာက ကြည့်နေပုံ

သတ်မှတ်ထားသော နေ့သို့ ရောက်သောအခါ နံနက်စောစော အချိန်တွင် တောထဲသို့ သွားပြီး ဖက်များ ခူးကြရသည်။ ဖက်ခူးပြီး ပြန်လာသောအခါ ရွာမှ အမျိုးသမီးများက ဖက်ကောင်းဖက်သန့်များကို ရွေးချယ်ပြီး သုံးမြှောက်ပုံ သဏ္ဍာန် ကောက်ညှင်းထုပ်များကို ထုပ်၍ (၃/၄) ထုပ်ပူးတွဲကာ စည်းပြီး တစ်ရည် နှစ်ရည်ခန်းသည်အထိ တစ်ညလုံး ပြုတ်ကြရသည်။

image004

ဒီးကူရွက်ခူးနေပုံ

ဒုတိယနေ့ နံနက်တွင် ကောက်ညှင်းထုပ်များဖြင့် နတ်ကို ဦးဦးဖျားဖျား တင်ကြပါသည်။ ထိုနေ့နံနက်မှာပင် အိမ်တိုင်းလိပ်ပြာခေါ်ပွဲကျင်းပကြပါသည်။ လိပ်ပြာခေါ်ပွဲမှာအလွန်စည်ကားသောပွဲဖြစ်၍ အိမ်ထောင်စုတိုင်းကမိမိတို့၏ ဆွေမျိုးသားချင်းမိတ်ဆွေများကိုဖိတ်ခေါ်ကာထမင်းဟင်းလျာ၊ ခေါင်ရည်၊ အရက်၊ ကောက်ညှင်းထုပ်များဖြင့် ဧည့်ခံကျွေးမွေးကြပါသည်။ ထိုနေ့ လိပ်ပြာခေါ်သောအချိန်တွင် အိမ်ထောင်ဦးစီး (သို့)အိမ်သားတစ်ယောက်ယောက်ကကြက်ဖတစ်ကောင်ကိုစောင်ဖြင့်ပိုက်၍ လမ်းဆုံလမ်းခွ(သို့) အိမ်သူအိမ်သားများအမြဲသွားလာနေသောလယ်ယာ၊ ခြံမြေနှင့်လမ်းများသို့သွား၍ လိပ်ပြာခေါ်ရသည်။ လမ်းဆုံလမ်းခွနေရာမှ မြက်တစ်ပင်(သို့)ပိုးကောင်တစ်ကောင်ကိုထိုသူကဖမ်းယူလာရသည်။ ဤကဲ့သို့ ယူလာပြီးအိမ် အပြန်လမ်းတွင် လမ်းဆုံလမ်းခွတိုင်း၌ ကြက်တောင်မွှေးတစ်ချောင်းစီကိုနှုတ်၍ မြေ၌စိုက်ထားရသည်။ အိမ်သို့ပြန်ရောက်သောအခါ ယူသွားသောကြက်ကိုအိမ်ထောင့်တစ်နေရာတွင် ပြန်၍ချည်ထားရသည်။ ထိုကြက်သည် မိမိတို့အိမ်တွင်မွေးထားသည့် ကြက်များမှ အလှပဆုံးကြက်တစ်ကောင်ဖြစ်ရပါမည်။ထိုနေ့ညနေပိုင်းတွင် တစ်အိမ်လျှင် ခြင်းကြားနှစ်လုံးစီရက်လုပ်ပြီးဖွဲ၊ မီးသွေး၊ ထင်းရူးဆီပင်၊ ကောက်ညှင်းထုပ်စသည်တို့ကိုခြင်းကြားများတွင်ထည့်၍ ‘ပဲလို့’ ခေါ်သည့် နတ်ကိုပသကြသည်။

image005

ပိုက်လုံးပို့ရန်တစ်အိမ်တစ်မျိုးလာရောက်ချိတ်ဆွဲကြပုံ

ရွာမြောက်ဘက်ရှိသော ‘ပဲလို့’နတ်ကို ပသရာတွင် အိုးခွက်၊ ပန်းကန်အစရှိသည့် မီးဖိုချောင်သုံးပစ္စည်း အဟောင်းအပဲ့များကို စွန့်ပစ်ကြရသည်။ ဤသို့ ပြုလုပ်ခြင်းမှာ မိမိတို့အပေါ်တွင် ကျရောက်နေသော ဘေးအန္တရာယ်များနှင့် အတိတ်နမိတ်ဆိုးများကို စွန့်ပစ်သည့် သဘောဖြစ်ပါသည်။

image006

ချိတ်ဆွဲထားပြီးသောပိုက်လုံး(ခေါ်)အိမ်တွင်းရှိအိုးကွဲနှင်ခြင်းများပုံ

‘ပဲလို့’နတ်ကို ပသပြီး ပြန်လာသောအခါ အဆိုပါနတ်နှင့် မကောင်းဆိုးဝါးများ အိမ်တွင်းသို့ ဝင်မလာစေရန် ဝါးကိုရာဇမတ်ကွက် ယက်၍ အိမ်ဝင်ပေါက်များတွင် ယာယီ ကာထားကြရသည်။

image007

ရာဇမတ်ကွက်ဖြင့်ကာထားပုံ

ညသန်းခေါင်ယံ ရောက်သောအခါ ဝါးစိမ်းများကို မီးရှို့၍ လည်းကောင်း၊ သံပုံးများ တီးခတ်၍ လည်းကောင်း၊ သေနတ်များ ပစ်ဖောက်၍ လည်းကောင်း၊ စုန်းကဝေ၊ နတ်မိစ္တာနှင့် မကောင်းဆိုးဝါးများကို ရွာထဲမှ နှင်ထုတ်ကြသည်။ ရွာသူရွာသားများက ရွာဦးမှနေ၍ ရွာပြင်သို့ နတ်ဆိုးကို မောင်းထုတ်ကြသည်။ အိမ်တိုင်းတွင် ကောက်ညှင်းထုပ်ဖက် ခူးစဉ်က ခူးထားသည့် ဆူး(၇)မျိုးကိုလည်းအိမ်ထောင့် လေးထောင့်တွင် ချိတ်ဆွဲထားသည်။ ထို့ပြင် ကောက်ညှင်းထုပ်ဖက် (ဒီးကူလယ်) ကိုင်းနှင့် ဆူးကို တံမြက်စည်းပုံသဏ္ဍာန်ရော၍ စည်းထားသောအတံဖြင့် အိမ်ထဲ၌ ပုတ်ခတ်ပြီး နတ်ဆိုးကို နှင်ထုတ်ကြပါသည်။ ဖားစည်ရှိသော အိမ်များက ဖားစည်ကိုတီး၍ အချို့ကလည်းဗုံ၊ မောင်း၊ လင်းကွင်းတို့ကို တီးပြီး အော်ကြဟစ်ကြသည်။ နတ်ဆိုးကို ရွာပြင်သို့ မောင်းထုတ်သူများ၊ အိမ်ပြန်ရောက်လျှင် ထိုသူများက နေရာအနှံ့အပြားကို ပြာဖြင့် ပက်ကြပြန်သည်။

တတိယနေ့တွင် နတ်ရုပ် ပြုလုပ်ကြသည်။ ဝါးခြမ်းငယ်တစ်ခု၏ အလယ်တွင် ဝါးလုံးရှည် တစ်ခုထည့်ပြီး အဝတ်မဲဖြင့် အုပ်၍ ချုပ်ရသည်။ ဝါးလုံးရှည် အတွင်းသို့ ကြက်ရိုးနှစ်ချောင်းနှင့် မီးခတ်ကျောက်တစ်ခုကို အသံမြည်အောင် ထည့်ရသည်။ ဤသို့ ထည့်ရခြင်းမှာ နတ်ရုပ်ကို အသက်သွင်းသည့် သဘောပင်ဖြစ်သည်။ ယင်းနတ်ရုပ်ကို အိမ်တွင်(၃)ရက် ထားရသည်။ ထို(၃)ရက်အတွင်းတွင် ယခင်က ကြက်ရိုးထိုးထားသည့် ကြက်ရိုးအဟောင်းများကို ပြာချ၍ ကောက်ညှင်းထုပ်၊ ခေါင်ရည်များဖြင့် ပူဇော်ပသ ကြသည်။

image008

ဖိုးဒီးခရီ (ခေါ်) ရွာစောင့်နတ်ပုံ

(၃)ရက်ပြည့်သောအခါ နတ်အား ပြန်ပို့တော့မည့် အကြောင်းနှင့် မည်သည့်မြင်းကို စီး၍ ပြန်လိုကြောင်းကို မေးကြရသည်။ နတ်ကိုမေးသည့်အခါ အရုပ်ကိုဘယ်/ညာလှုပ်၍ မေးကြရသည်။ ဥပမာ−နတ်ကမြင်းဖြူစီးချင် ကြောင်းကို လှုပ်ပြလျှင် လူတစ်ယောက်က အင်္ကျီဖြူကိုဝတ်၍ နတ်ရုပ်ကို ထမ်းပြီးရွာထိပ်နှင့် မနီးမဝေးနေရာသို့ ပို့ပေးရသည်။ ပြန်ပို့သောအခါတွင်လည်း နတ်အားဖရုံရွက်၊ ပိန်းရွက်၊ ပြောင်းကောက်၊ ဘူးသီး၊ ကောက်ညှင်းထုပ်များနှင့် ပူဇော်ပ သကြရသည်။ နတ်ပို့သည့် အခါ၌လည်း လူအများက အိုးစည်၊ ဗုံ၊ မောင်းများတီး၍ လိုက်ပို့ကြသည်။

image009

ဖိုးဒီးခရီထမ်းပြီးလိုက်ပို့နေသောရွာသားများပုံ

image010

သစ်ပင်ပေါ်တစ်နေရာမှဖိုးဒီးခရီနတ်ချိတ်ဆွဲနေပုံ

နတ်ပို့ပြီး ပြန်လာသောအခါ လိုက်ပို့သူများကို ခေါင်ရည်နှင့် ကောက်ညှင်းထုပ်များ တိုက်ကျွေးကြသည်။ နတ်ပို့သည့်နေ့သည် အစည်ကားဆုံးဖြစ်ရာ မိမိတို့ ရွာသို့ လာသမျှဧည့်သည်များ၊ ဆွေမျိုးများကို ထမင်းဟင်းလျာ၊ ခေါင်ရည်နှင့် ကောက်ညှင်းထုပ် များဖြင့် ကျွေးမွေးဧည့်ခံကြပြီး အခြားရွာများရှိ အသိမိတ်ဆွေများထံသို့လည်း ကောက်ညှင်းထုပ်၊ ထမင်းထုပ်နှင့် ခေါင်ရည်များ ပေးပို့ကြသည်။ ဧည့်သည်များ အပြန်တွင်လည်း ကောက်ညှင်းထုပ် ငယ်လျှင်(၄)ထုပ်၊ ကြီးလျှင် (၃)ထုပ်စသည်ဖြင့် ပူးတွဲစည်းပြီး လက်ဆောင်ပေးလေ့ ရှိသည်။ ညဦးယံ အိမ်သူအိမ်သားများ စုံချိန်တွင် မီးဖိုမှ မီးစကိုယူပြီး လှေကားမှနေ၍ မီးကိုရိုက်ချ လိုက်ကြသည်။ ဤသို့ပြုလုပ် ရခြင်းမှာလည်း မကောင်းဆိုးဝါးကို နှင်ထုတ်သည့် သဘောပင် ဖြစ်ပါသည်။ တတိယမြောက်နေ့၏ ညဘက်တွင် မိမိတို့၏ စပါးသီးနှံများ ကောင်းမကောင်းကို ကြက်ရိုးထိုး၍ ကြည့်ကြလေသည်။