ကယန်းပဒေါင်

karen-padaung

ကယန်း(ပဒေါင်)တိုင်းရင်းသားများသည် ကယားပြည်နယ်အတွင်းရှိ မြို့နယ်များ ဖြစ်သော လွိုင်ကော်၊ ဒီးမောဆို၊ ဖရူဆိုစသည့်မြို့များတွင်အများဆုံးနေထိုင်ကြပြီး ဘောလခဲ၊ ရှားတော၊ ဖါးဆောင်း မယ်စဲ့နှင့် ရွာသစ်မြို့များတွင် အနည်းငယ်စီ နေထိုင်ကြပါသည်။ ကယန်း(ပဒေါင်)တိုင်းရင်းသားများထင်ရှားသောပွဲတော်များမှာ တံခွန်တိုင်ပွဲတော်၊ အိမ်သစ် တက်ပွဲ၊ ကောက်သစ်စားပွဲ၊ ကယန်းနှစ်သစ်ကူးပွဲ ၊ ကလေးထွန်းကားပွဲနှင့် ငှက်ကြီးပွဲ(သို့) ဟင်္သာပွဲတို့ဖြစ်ပါသည်။

kayah-tribe-01

မိန်းကလေးငယ်များ အသက်(၄)နှစ်အရွယ်သို့ ရောက်လာလျှင် ကြေးခွေ စတင်ရစ်ပတ် ကြသည်။ မိဘများ မိမိတို့၏ သမီးငယ် ကြေးခွေ ရစ်ပတ်ချိန်ရောက်ပြီဟု ယူဆလျှင် ရွာထဲ၌ နတ် ဆရာ(သို့မဟုတ်) ကြေးခွေပတ် ကျွမ်းကျင်သူ အမျိုးသမီးကြီးထံသို့ သွားရောက်၍ ကြေးပတ်မည့် အကြောင်း ပြောဆိုရသည်။ ထိုသို့ သွားရောက် ပြောဆိုရာ၌ ကြက်ပျိုမ တစ်ကောင်ကိုပါ လက်ဆောင်အဖြစ် တစ်ပါတည်း ယူဆောင် သွားရသည်။ ကြေးခွေ ပတ်မည့်သူက ကြေးပတ်မည့် ရက်ကို သတ်မှတ် ရွေးချယ် ပေးသည်။ ရက်ရွေးရာတွင် လဆန်း၊ လပြည့် ရက်များကိုသာ သတ်မှတ် ရွေးချယ်ရ၏။ လဆုတ် လကွယ် ရက်များတွင် ပတ်မိပါက ထိခိုက်ဒဏ်ရာ ရတတ်ပြီး အနှောက်အယှက်များ တွေ့ရ တတ်သည်ဟု ယူဆကာ ထိုရက်များကို ရှောင်ကြသည်။

padaung-tribe-01

ကြေးပတ်နေသော ကယန်း(ပဒေါင်)အမျိုးသမီး

ရှေးအခါက ကယန်းလူမျိုးတို့သည် မကြာခဏ ပြောင်းရွှေ့ သွားလာကြရသည့်အတွက် အဖိုးတန်သော ရွှေငွေများ မပျောက်စေရန် ရွှေကို အချောင်းပြုလုပ်၍ လည်ပင်းတွင် ရစ်ပတ် ထားကြသည်။ ရွှေရှားပါးလာသောအခါ ရွှေအစား ကြေးဝါကို အသုံးပြုလာကြသည်။

ကယန်း(ပဒေါင်) အမျိုးသမီး၏ လည်ပင်းနှင့် ခြေထောက်တို့တွင် ရစ်ပတ် ဝတ်ဆင်ထား သော ကြေးခွေများမှာ အခေါင်းပိတ်များဖြစ်၍ စုစုပေါင်းအလေးချိန် (၅)ပိဿာအထိ ရှိတတ်သည်။ လည်ပင်းတွင် ရစ်ပတ်ထားသော ကြေးခွေအရေအတွက်မှာ(၁၈)ရစ်မှ (၂၄)ရစ်အထိရှိပြီး ခြေထောက်တွင်မူ(၁၅)ရစ်မှ (၃၀)ရစ်အထိ ပတ်ထားလေ့ ရှိကြသည်။

padaung-tribe-02

ကယန်း(ပဒေါင်)အမျိုးသမီးနှင့် နဂါး

ကယန်း(ပဒေါင်)တို့သည် နဂါးအနွယ်မှ ဆင်းသက်လာသော လူမျိုးဖြစ်သည်ဟု ယူဆသောကြောင့် ကယန်းအမျိုးသမီးတို့က နဂါး၏ အသွင်သဏ္ဍာန်နှင့် တူသော လည်နှင့် ခြေသလုံးတို့တွင် ရစ်ပတ်ထားကြပြီး ဦးခေါင်းထိပ်တွင် ဆံထုံးထုံး၍ ဆံထိုးချွန်ဖြင့် ထိုးစိုက်ကာ ဆင်မြန်းထားကြခြင်း ဖြစ်ပါသည်။