ကယားပြည်နယ် ဒေသန္တရအချက်အလက်များ

kayah-map

နောက်ခံသမိုင်းအကြောင်း

ကယားပြည်နယ်သည် ရှေးမြန်မာမင်းများ အဆက်ဆက်ကတည်းက လူမျိုးနွယ်များ အချင်းချင်း အေးအတူပူအမျှအတူတကွ နေထိုင်သော ပြည်နယ်တစ်နယ်ဖြစ်ပါသည်။ မြန်မာဘုရင် မင်းတုန်းမင်းနှင့် သီပေါမင်းတို့ ခေတ်ကာလအတွင်း ကရင်နီပြည်နယ်၌ ကန္ဒရဝတီ၊ ဘောလခဲ၊ ကြယ်ဖိုးကြီး (နန်းမယ်ခုံ)နှင့်နောင်ပုလဲ (ကြယ်ဖိုးကလေး)နယ်တို့တွင် နယ်မြေအလိုက် နယ်ရှင် စော်ဘွားများက ၎င်းတို့၏ သဘောဆန္ဒအတိုင်း လွတ်လပ်စွာအုပ်ချုပ်ခဲ့ပါသည်။ နယ်ရှင်စော်ဘွား များ၏ ရုံးသုံးစာပေမှာ မြန်မာစာဖြစ်၍ (သစ်မခုတ်ရ/ဝါးမခုတ်ရ)စသည့် တားမြစ်စာများ ထုတ်ပြန် ရာ၌ မန္တလေးမင်းနေပြည်တော်တွင် ထုတ်ပြန်သည့်အတိုင်း ကျွန်းသာပေါ်၌ စာလုံးကိုထွင်း၍ ထုတ်ပြန်သည်ကို တွေ့ရှိရပါသည်။ ၁၈၈၉ခုနှစ်၊ ဇန်နဝါရီလ(၈) ရက်နေ့တွင် ဗြိတိသျှစစ်တပ်က အရှေ့ကရင်နီပြည်နယ် မြို့တော်စောလုံကို သိမ်းပိုက်ပြီးနောက် စော်ဘွားစပ်လဝီအား ကန္ဒရဝတီ မြို့စားအဖြစ် ပြောင်းလဲ၍ အသိအမှတ်ပြုခဲ့သည်။ ထို့အပြင် မြို့စားများ၏ ဆန္ဒသဘောအတိုင်း မဟုတ်ဘဲ (ဘာနဒ်)စာချွန်တော် အမိန့်ပါစာများအရသာ အုပ်ချုပ်စေခဲ့ပါသည်။ ထိုဘာနဒ် စာချွန်တော်အမိန့်များကို (၁၈၉၀)ပြည့်နှစ်၊ ဇွန်လ(၄)ရက်နေ့တွင် ကန္ဒရဝတီမြို့စား စပ်လဝီထံ သို့လည်းကောင်း၊ (၁၈၉၁)ခုနှစ်၊ဇွန်လ(၁၈)ရက်နေ့တွင် ဘောလခဲမြို့စားဖဘန်ထံသို့ လည်းကောင်း ထုတ်ပြန်ပေးအပ်ပြီး တောင်ကြီးမြို့၌ ရုံးစိုက်သော ရှမ်းပြည်နယ်မင်းကြီး၏ လက်အောက်တွင် အုပ်ချုပ်မှုကို ထားရှိ၍ လွိုင်ကော်မြို့နယ်၌ ရုံးစိုက်သည့် လက်ထောက် နိုင်ငံရေးအရာရှိ(Assistant Political Officer) နောင်အခါ နယ်ခြားဝန်ထောက်(Assistant Resident)၏ သဘောတူညီမှုဖြင့် မြို့စားများက ဆောင်ရွက်နိုင်သည်။
၁၉၅၉ခုနှစ်၊ အောက်တိုဘာလ(၁)ရက်၌ ကယားပြည်နယ်အတွင်းရှိ နယ်ရှင်စော်ဘွား များ အာဏာစွန့်လွှတ်ပြီးသည့်အခါ အထွေထွေအုပ်ချုပ်ရေးကို ကယားပြည်နယ် အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍(၂)ပိုင်းခွဲခြားကာပြုပြင်ဖွဲ့စည်းခဲ့ပါသည်။ ပြည်နယ်အရှေ့ပိုင်းတွင်လွိုင်ကော်နှင့် ရွာသစ်မြို့နယ်များပါဝင်ပြီး အနောက်ပိုင်းတွင် ဘောလခဲမြို့နယ်၊ ကြယ်ဖိုးကြီးနယ်နှင့် ဖားဆောင်းမြို့နယ် တို့ပါဝင်ကြပါသည်။ ၁၉၆၂ခုနှစ်၊ ဒီဇင်ဘာလတွင် အုပ်ချုပ်ရေးမူသစ်အရ ကယားပြည်နယ်ကို လွိုင်ကော်ခရိုင်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး (၁)လွိုင်ကော်နယ်ပိုင်နယ် (၂)ရှားတောနယ်ပိုင်နယ်နှင့် (၃)ဖားဆောင်းနယ်ပိုင်နယ်ဟူ၍ ခွဲခြားသတ်မှတ်သည်။ ၁၉၆၅ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့ တော်လှန်ရေး ကောင်စီကာလ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြန်လည် သတ်မှတ်ချက်အရ ကယားပြည်နယ်ကို ခရိုင်ခွဲ(၂)ခု၊ မြို့နယ်(၆)ခုနှင့် မြို့နယ်ခွဲ(၇)ခုတို့ဖြင့် ပြုပြင်ဖွဲ့စည်းခဲ့ပါသည်။ ခရိုင်ခွဲ(၂)ခုမှာ လွိုင်ကော်ခရိုင်ခွဲနှင့် ဖားဆောင်းခရိုင်ခွဲတို့ ဖြစ်ပြီး မြို့နယ်ခွဲ(၇)ခုမှာ လွိုင်ကော်၊ ထီးစဲခါး၊ နန်းမယ်ခုံ၊ ကေကော၊ မော်ချီး၊ ရွာသစ်၊ မယ်စတယ် တို့ဖြစ်ကြပါသည်။ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ခေတ်ကာလတွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၁၉၇၂ခုနှစ်၊ ဇူလိုင်လ(၂၇)ရက်နေ့စွဲပါ စာအမှတ်၊ ၁၀၅/၇/ စိတ် ၁-အရ မယ်စဲ့နန်မြို့နယ်အစား ဘောလခဲမြို့နယ်ဟု ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။
မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်၊ ခရစ်သက္ကရာဇ် ၁၈၃၈ ခုနှစ်တွင် ဦးသီရိ ဦးဆောင်၍ သီရိဒေါရွာအဖြစ် စတင် တည်ထောင်ခဲ့ပါသည်။ "ဒေါ"မှာ ကယားဘာသာဖြင့် "ရွာ"ဟု အမည်ရပါ သည်။ တောင်ကွဲတောင်၊ ရွှေတောင်အနီး တည်ထားသဖြင့် (လွိုင်ခေါ်)ဟု ရှမ်းဘာသာဖြင့် ခေါ်ဝေါ် ခဲ့ပါသည်။ "လွိုင်" မှာ တောင် "ခေါ်" မှာ တစ်ကွဲ တစ်ပြားစီဟု အဓိပ္ပာယ်ရပါသည်။ လွိုင်ခေါ်မှ လွယ်ကော် - လွိုင်ကော် ဟူ၍ ဖြစ်ပေါ်လာပါသည်။ မြန်မာသက္ကရာဇ် ၁၂၅၀ ပြည့်နှစ်၊ ကဆုန်လဆန်း (၁)ရက်၊ (၂၀-၄-၁၈၈၈)နေ့တွင် ကန္ဒရဝတီစော်ဘွားစပ်လဝီက လွိုင်ကော်မြို့တွင် ဟော်နန်း စိုက်ထူ အုပ်ချုပ်ခဲ့ပါသည်။ ကန္ဒရဝတီ၊ ဘောလခဲနှင့် ကြယ်ဖိုးကြီးနယ် မြေများဟု ဗြိတိသျှအစိုးရ လက်ထက်က သတ်မှတ်ခဲ့သော ကရင်နီပြည်နယ်များသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကရင်နီပြည်နယ် အမည်နှင့်ပင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပြည်နယ်တစ်ခုအဖြစ်ပါဝင်ခဲ့ပါသည်။ ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်အရ လူထု ဆန္ဒဖြင့် ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့မှစ၍ ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် တရားဝင်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် ပြည်နယ်/တိုင်းများအလိုက် မြို့နယ်စုများ သတ်မှတ်ဖွဲ့စည်းရာတွင် ပြည်ထဲရေးနှင့် သာသနာ ရေးဝန်ကြီးဌာန၏(၄-၈-၁၉၈၉)ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ကယားပြည်နယ်ရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲနှင့် ဖားဆောင်းမြို့နယ် (၆)မြို့နယ်တို့ကို လွိုင်ကော်မြို့နယ်စု အဖြစ် သတ်မှတ်ဖွဲ့စည်းပေးခဲ့ပါသည်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၂၁-၈-၁၉၈၉)ရက်စွဲ ပါစာအမှတ်၊ ၁/၈/ အထ(၁) အရ လွိုင်ကော်မြို့နယ်စုကို (၂၁-၈-၁၉၈၉) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၇-၁၀-၁၉၉၂)ရက်စွဲပါအမိန့်ကြော်ငြာစာအဖြစ် မြို့နယ်စုများ ၏ အမည်ကို အုပ်ချုပ်ရေးသဘောအရ အခေါ်အဝေါ်ရှင်းလင်းစေရန် "ခရိုင်" ဟု ပြင်ဆင်သတ်မှတ် ခဲ့ပါသည်။ ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၏ (၇-၁၂-၁၉၉၂)ရက်စွဲပါအမိန့်ကြော်ငြာ စာအမှတ်၊ ၁/၁၅/အထ(၂)ဖြင့် လွိုင်ကော်ခရိုင်နှင့် ဘောလခဲခရိုင်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဘောလခဲခရိုင်ကို ပြည်ထဲရေး ဝန်ကြီးဌာန၏ (၇-၁၂-၁၉၉၂)ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၁/ ၅/အထ(၂)အရ (ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့) (၃)မြို့နယ်နှင့် ရွာသစ်မြို့နယ်ခွဲပါဝင်လျက် ဧရိယာ အကျယ်အဝန်း အားဖြင့် ၁၉၉၄.၇၆ စတုရန်းမိုင် ၁၂၇၆၆၅၃ ဧကဖြင့် သတ်မှတ်ပေးခဲ့ပါသည်။

ပါဝင်သည့်ခရိုင် / မြို့နယ်များ

  • လွိုင်ကော်ခရိုင်
  • လွိုင်ကော်မြို့နယ်
  • ဒီးမော့ဆိုမြို့နယ်
  • ဖရူဆိုမြို့နယ်
  • ရှားတောမြို့နယ်
  • ဘောလခဲခရိုင်
  • ဘောလခဲမြို့နယ်
  • ဖားဆောင်းမြို့နယ်
  • မယ်စဲ့မြို့နယ်
  • ရွာသစ်မြို့


တည်နေရာနှင့် အကျယ်အဝန်း

ကယားပြည်နယ်သည် ၄၅၂၉.၅၆ စတုရန်းမိုင် (၂၈၉၈၉၂၁ဧက) ကျယ်ဝန်းပါသည်။ မြန်မာနိုင်ငံ၏ အရှေ့တောင်ဘက်တွင်တည်ရှိပြီး မြောက်ဘက်တွင် ရှမ်းပြည်နယ်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ တောင်ဘက်နှင့် အနောက်ဘက်တွင် ကရင်ပြည်နယ်တို့နှင့် နယ်နမိတ်ချင်း ထိစပ်လျှက် ရှိပါသည်။ မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ မှ ၂၉ မိနစ်နှင့် ၁၉ဒီဂရီ ၅၇မိနစ်အကြား အရှေ့လောင် ဂျီတွဒ်  ၉၆ ဒီဂရီ ၅၆ မိနစ်မှ ၉၇ ဒီဂရီ ၅၃ မိနစ်အတွင်း တည်ရှိပါသည်။ အရှေ့မှအနောက်သို့ ၁၂၈မိုင်ရှိပြီး တောင်မှမြောက်သို့ ၁၃၅မိုင် ရှည်လျားပါသည်။

မြေမျက်နှာသွင်ပြင်

ကယားပြည်နယ်သည် တောင်ကုန်းတောင်တန်းများပေါများပြီး တောင်စဉ်တောင်တန်းများ ကို တောင်ခိုးတောင်ငွေ့တစ်ဝေဝေဖြင့် တွေ့မြင်ကြရပေလိမ့်မည်။ ကုန်းလမ်းခရီးကိုသာ အဓိကအား ထားရပြီး ကုန်းပြင်မြင့်သည် ပျှမ်းမျှအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် (၉၈၅)ပေ မှ (၆၀၀၀) ပေအထက်တွင် တည်ရှိပါသည်။ ကယားပြည်နယ်၏ အမြင်ဆုံးတောင်မှာ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်ရှိ နတ်တောင်ဖြစ်၍ အနိမ့်ဆုံးအရပ်ဒေသမှာ ဘောလခဲခရိုင်၊ ဖားဆောင်း မြို့နယ်ဖြစ်ပါသည်။ ကယားပြည်နယ်တွင်အထူး ထင်ရှားသောမြစ်မှာ သံလွင်မြစ်ဖြစ်ပြီး ရှားတောမြို့၊ ရွာသစ်မြို့၊ ဖားဆောင်းမြို့အနီးမှဖြတ်၍ မြောက်မှတောင်သို့စီးဆင်း လျက်ရှိပါသည်။ ကယားပြည်နယ်ရှိ ဘီလူးချောင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးရေအားလျှပ်စစ် စက်ရုံ လောပိတအား အသက်သွင်းခဲ့ခြင်းဖြစ်ပါသည်။ လောပိတစက်ရုံများမှာ စက်ရုံအမှတ်(၁)၊  စက်ရုံအမှတ်(၂)နှင့် စက်ရုံအမှတ်(၃)တို့ဖြစ်ပြီး ဓါတ်အားများဖြန့်ဖြူးပေးလျက်ရှိပါသည်။

ရာသီဥတု

ကယားပြည်နယ်၏ရာသီဥတုမှာ သုံးရာသီ ရာသီဥတုဖြစ်ပါသည်။ ကုန်းမြေ အနိမ့်အမြင့် ပထဝီသဘာဝကိုလိုက်၍ တစ်နေရာနှင့်တစ်နေရာ ရာသီဥတုမှာ အနည်းငယ်မျှကွဲပြားလျက်ရှိပါ သည်။ ရာသီဥတုကွဲပြားမှုရှိသော်လည်း ကျွန်း၊ သစ်မာ၊ ဝါး၊ ကြိမ်၊ မြက်သက်ကယ်၊ စန္ဒကူး၊ ဘုမ္မရာဇာ၊ သနပ်ခါး၊ ပျဉ်းကတိုး၊ လက်ပံမြောက်ချော၊ ရှား၊ သစ်စေး၊ လွန်ပို၊ အင်ကြင်း၊ ထင်းရူးနှင့် ဘရဆေးပင်များဖြစ်သော ကြက်လည်ဆံရွက်၊ ဧကရာဇ်၊ တောင်ကြာ၊ ကြက်သွေး၊ သက်ယင်းကြီး၊ ဆေးပုလဲ၊ ဒန့်ဒကူ၊ ကယားသဇင်ပန်း၊ သစ်ခွပန်းနှင့် ရောင်စုံရွက်လှပင်များ ပေါက်ရောက်ဖြစ်ထွန်းပါသည်။ အမြင့်ဆုံး ပျမ်းမျှအပူချိန် (၃၈ဒီဂရီစင်တီဂရိတ်)နှင့် အနိမ့်ဆုံး အပူချိန်မှာ(၅ဒီဂရီစင်တီဂရိတ်)ဖြစ်ပါသည်။ ပြည်နယ်တစ်ခုလုံးခြုံ၍ဆိုရလျှင် ပျမ်းမျှမိုးရေချိန်သည် (၂၈.၄၈)လက်မရှိပါသည်။

လူဦးရေနှင့်လူမျိုး

၂၀၁၆ခုနှစ်၊ ဇူလိုင်လအထိ နောက်ဆုံးစာရင်းအရ လူဦးရေသည် (၂၉၆၁၅၁)ဦးဖြစ်ရာ တစ်စတုရန်းမိုင်လျှင် ပျမ်းမျှ လူ ၆၅ ယောက်နှုန်းနေထိုင်လျက်ရှိပါကြောင်း တွေ့ရှိရပါသည်။ လူဦးရေနည်းပါးသော်လည်း ကယားပြည်နယ်တွင် ကယားတိုင်းရင်းသားမျိုးနွယ်စုများဖြစ်သော ကယား၊ ကယန်း(ပဒေါင်)၊ ကယန်း(လထ)၊ ကယော၊ ယင်းဘော်၊ ယင်းတလဲ၊ ဂေခို၊ ဂေဘား၊ ကယားမိုနု (မနုမနော) အပြင် ဗမာ၊ ရှမ်း၊ ကရင် စသည့် လူမျိုးစုများလည်း နေထိုင်လျက်ရှိပါ သည်။

စိုက်ပျိုးရေးနှင့်အခြားလုပ်ငန်းများ

ကယားပြည်နယ်သူ/သားများ၏ အဓိကလုပ်ငန်းသည် စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါသည်။ ကယားပြည်နယ်တွင် အသားတင် စိုက်ပျိုးမြေ ဧရိယာပေါင်း (၁၆၆၈၃၂)ဧက၊ လှပ်မြေဧရိယာ (၈၃၉၃)ဧက၊ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တော ဧရိယာ (၁၅၆၂၁၀၀)ဧက၊ တောရိုင်း(၄၁၃၃၁၃) ဧက၊ မြေရိုင်း(၄၀၅၁၄)ဧက၊ စိုက်ပျိုးခြင်း မပြုနိုင်သော ဧရိယာ(၇၀၇၇၆၉)ဧက၊ စုစုပေါင်း (၂၈၉၈၉၂၁)ဧက ရှိပေသည်။ အဓိကသီးနှံ(၁၀)မျိုး ဖြစ်သော စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊  ကြံနှင့် ဝါတို့ကို စိုက်ပျိုးကြပါသည်။ ၂၀၁၆-၂၀၁၇ခုနှစ် အဓိကသီးနှံ (၁၀)မျိုး စိုက်ပျိုးရန် (၂၀၃၃၇၂)ဧက လျာထားရာ (၃၁-၇-၂၀၁၆) နေ့ထိ စိုက်ပျိုးပြီးစီးမှု ဧကပေါင်း (၁၃၇၉၇၉)ဧကဖြစ်ပြီး စိုက်ပြီးရာခိုင်နှုန်းမှာ (၆၇.၈၅%)ဖြစ်ပါ သည်။ နှစ်ရှည်သီးနှံအနေဖြင့် ကော်ဖီ၊ လက်ဖက်၊ ငှက်ပျော၊ သရက်၊ ဇီး၊ လိမ္မော်၊ နဂါးမောက်၊ နာနတ်၊ ဒညှင်း၊ လိုင်ချီးနှင့် ထောပတ်ပင်တို့ကို စိုက်ပျိုးပါသည်။